ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ကြာကြာခံဖို့ သိထားသင့်တဲ့ အချက် (၂) ချက်

30/11/2023 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ယနေ့ခေတ် ရာသီဥတုဖောက်ပြန်လာမှု အကြောင်းအရင်းကိုလေ့လာတဲ့အခါ အစားအစာ လေလွင့်ဆုံးရှုံးမှုနဲ့ စွန့်ပစ်တာတွေက ဦးစားပေးစဉ်းစားရမယ့် ကိစ္စတော့ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ကျွန်ုပ်တို့ နေအိမ်တွေမှာ စားသုံးနေကြတဲ့ အစားအစာတွေရဲ့ သုံးပုံနှစ်ပုံကျော် ပမာဏကတော့ အမှန်တကယ် လေလွင့်ဆုံးရှုံးနေတဲ့ ပမာဏတစ်ခုဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့်ဆိုရရင် တစ်ကမ္ဘာလုံးမှာ လူသားတွေကြောင့် ဖြစ်ပေါ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၈ ရာခိုင်နှုန်းဟာ အစားအစာ လေလွင့်ဆုံးရှုံးမှုနဲ့ စွန့်ပစ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အဆိုပါ ဓာတ်ငွေ့တွေဟာ လေထုထဲကို ဝင်ရောက်လာတဲ့အခါ ကမ္ဘာ့အပူချိန်ကို မြင့်တက်လာစေပြီး အပူလှိုင်းများ မကြာခဏ ဖြစ်ပွားခြင်း၊ ဆိုးရွားပြင်းထန်သော မှုန်တိုင်းတွေနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကဲ့သို့သော ရာသီဥတု ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ 

လတ်ဆတ်တဲ့ သီးနှံတွေကို စနစ်တကျ သိမ်းဆည်းခြင်းဟာ ကျွန်ုပ်တို့အတွက် အကျိုးများစေပြီး စွန့်ပစ်ရမယ့် အစားအစာ ပမာဏကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုသိမ်းဆည်းခြင်းဟာ ငွေကုန်ကြေးကျ သက်သာစေနိုင်သလို ကာဗွန်ထုတ်လွှတ်မှုကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့်လည်း အစားအစာ လေလွင့်ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ခြင်းဟာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာမှုကို တိုက်ဖျက်နိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုအဖြစ်နဲ့ သတ်မှတ်ထားကြတာလည်း ဖြစ်ပါတယ်။ ထို့ကြောင့် ယခုဆောင်းပါးမှာတော့ သီးနှံတွေလေလွင့်ဆုံးရှုံးမှုနည်းပြီး စနစ်တကျ သိုလှောင်နိုင်ဖို့အတွက် သိထားသင့်တဲ့ အချက်အလက်အချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။  

သီးနှံတွေကို သိုလှောင်သိမ်းဆည်းတဲ့အခါ ၎င်းတို့ရဲ့ ရင့်မှည့်မှုဖြစ်စဥ်ကို ဦးစွာနားလည်ဖို့ လိုအပ်ပါတယ်။ သီးနှံတွေကို ယေဘုယျအားဖြင့် အမျိုးအစား ၂ ခု ခွဲခြားလေ့ရှိပါတယ်။ 

  • climacteric fruit (ခူးဆွတ် ရိတ်သိမ်းပြီးတဲ့နောက် ရင့်မှည့်လာတဲ့ သီးနှံများ) နဲ့ 
  • non - climacteric fruit (ခူးဆွတ် ရိတ်သိမ်းပြီးသော်လည်း မရင့်မှည့်တဲ့ သီးနှံများ) ဆိုပြီး ခွဲခြားနိုင်တာ ဖြစ်ပါတယ်။ 

(၁) Climacteric fruit (ခူးဆွတ် ရိတ်သိမ်းပြီးတဲ့နောက် ရင့်မှည့်လာတဲ့ သီးနှံများ)

climacteric fruit ဆိုတာ တစ်နည်းအားဖြင့် မြင်သာအောင်ပြောရရင် သီးနှံတွေကို အပင်ကနေ ခူးဆွတ်လိုက်ပေမယ့်လည်း ၎င်းတို့ဟာ ဆက်လက်အသက်ရှူနိုင်ပြီး အီသိုင်လင်းဓာတ်တွေ ထုတ်လွှတ်ကာ ရင့်မှည့်ခြင်းဖြစ်စဥ်ကို တဖြည်းဖြည်း ဖြစ်ပေါ်လာစေတဲ့ သီးနှံတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ အီသိုင်လင်းထုတ်လွှတ်မှု စတင်တာနဲ့တပြိုင်နက် သီးနှံတွေရဲ့ ရင့်မှည့်မှုဖြစ်စဥ်ဟာလည်း ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ဒီအမျိုးအစားထဲမှာ ပါဝင်နေတဲ့ သီးနှံအများစုကို များသောအားဖြင့် မရင့်မှည့်ခင်မှာ ခူးဆွတ်ရိတ်သိမ်း ကြရတာ ဖြစ်ပါတယ်။ climacteric အမျိုးအစားထဲမှာ ပါဝင်နေတဲ့ သီးနှံတွေကတော့ ပန်းသီး၊ သစ်တော်သီး၊ ကီဝီသီး၊ မက်မွန်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ ခရမ်းချဥ်သီးနဲ့ ထောပတ်သီးတွေ ဖြစ်ပါတယ်။ 

climacteric သီးနှံတွေဟာ အီသိုင်လင်းဓာတ်ကို အလွယ်တကူ ခံစားသိရှိနိုင်ပြီး အခြားသီးနှံတွေနဲ့ အတူထားရှိတဲ့အခါ အခြားသီးနှံတွေကိုပါ လျင်မြန်စွာ ရင့်မှည့်စေနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် climacteric  သီးနှံတွေနဲ့ အခြားသော ဟင်းသီးဟင်းရွက်တွေကို သီးခြားစီထားပြီး သိမ်းဆည်းသင့်ပါတယ်။ အကယ်၍ အီသိုင်လင်းဓာတ် မြင့်မားစွာထုတ်လုပ်နိုင်တဲ့ ပန်းသီးတွေနဲ့ ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း စတာတွေကို ရေခဲသေတ္တာထဲမှာ အတူတူ သိမ်းဆည်းထားခဲ့ရင် အဆိုပါဟင်းသီးဟင်းရွက်တွေဟာ အဝါရောင်ပြောင်းလာပြီး ရက်အနည်းငယ်အတွင်းမှာပဲ ပုပ်သွားမှာ ဖြစ်ပါတယ်။ ထို့နည်းတူ အာလူးနဲ့ ကြက်သွန်နီတွေကိုလည်း အတူတကွမထားသင့်ပါဘူး။ အာလူးကနေ အီသိုင်လင်းဓာတ်ကို ထုတ်လွှတ်တာကြောင့် ကြက်သွန်ဥများ အရွယ်မတိုင်မီမှာ အညှောက်ပေါက်လာစေနိုင်တာကြောင့် ဖြစ်ပါတယ်။ 

ထို့အပြင် ပျက်စီးပွန်းပဲ့သွားသော သို့မဟုတ် ကွဲသွားသော အသီးတွေဟာဆိုရင် အီသိုင်လင်း (Ethylene) ဓာတ်ကိုပိုမိုထုတ်လွှတ်နိုင်ပြီး အခြားသီးနှံများကိုပါ ရင့်မှည့်ပျော့ပျောင်းလာစေကာ မြန်မြန်ပျက်စီးစေနိုင်ပါတယ်။ အကယ်လို့ မာကျောတဲ့ ထောပတ်သီးတစ်လုံးကို ခပ်မြန်မြန်မှည့်စေဖို့အတွက် ငှက်ပျောသီး အမှည့်တစ်လုံးနဲ့ အတူထားလိုက်ပါက အီသိုင်လင်းဓာတ်ငွေ့ကြောင့် ထောပတ်သီးရဲ့ ရင့်မှည့်တဲ့လုပ်ငန်းစဥ်ကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင့်မှည့်တဲ့ သီးနှံတွေဟာ ဟိုက်ဒရိုဂျင်နဲ့ ကာဗွန်ပါဝင်တဲ့ အီသိုင်လင်းဓာတ်ကို မြင့်မားစွာ ထုတ်လွှတ်နိုင်တာကြောင့် ဖြစ်ပါတယ်။  

(၂) Non - climacteric fruit (ခူးဆွတ် ရိတ်သိမ်းပြီးသော်လည်း မရင့်မှည့်တဲ့ သီးနှံများ)

ဒုတိယအမျိုးအစားဖြစ်တဲ့ non - climacteric fruit တွေရဲ့ ရင့်မှည့်မှု ဖြစ်စဥ်ကတော့ ကွဲပြားပါတယ်။ ဒီအမျိုးအစားထဲမှာ ပါဝင်နေတဲ့ သီးနှံတွေဟာ ခူးဆွတ်ရိတ်သိမ်းပြီးတဲ့နောက်မှာ အသက်ရှူတာတွေ အီသိုင်လင်းထုတ်လွှတ်တာတွေ ပမာဏအနည်းငယ်သာ ရှိတဲ့အတွက် ရင့်မှည့်တဲ့ အချိန်ရောက်မှသာ ရိတ်သိမ်းကြရတဲ့ သီးနှံတွေဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် သီးနှံတွေရဲ့ ကောင်းမွန်တဲ့ အနံ့အရသာနဲ့ အသွင်အပြင်ကို ရရှိစေဖို့အတွက် ၎င်းတို့ရဲ့သီးနှံပင်ပေါ်မှာပဲ ရင့်မှည့်ဖို့လိုအပ်တဲ့ သီးနှံအမျိုးအစား ဖြစ်ပါတယ်။ non - climacteric အမျိုးအစားထဲမှာ ပါဝင်နေတဲ့ သီးနှံတွေကတော့ စပျစ်၊ နဂါးမောက်သီး၊ လိမ္မော်သီး၊ ချယ်ရီ၊ စတော်ဘယ်ရီ၊ ငရုတ်၊ ဖရဲသီး၊ နာနတ်သီး၊ သခွားသီးနဲ့ သံပုရာသီးတို့ပဲ ဖြစ်ကြပါတယ်။ non - climacteric သီးနှံတွေကတော့ ရင့်မှည့်နေစဥ်ကာလအတွင်းမှာ အီသိုင်လင်းထုတ်လွှတ်မှုမရှိတာဖြစ်တဲ့အတွက် အခြားသော သီးနှံတွေနဲ့ အတူတကွ သိမ်းဆည်းနိုင်တာ ဖြစ်ပါတယ်။

သိုလှောင်သိမ်းရာမှာ -  

အစားအစာတွေ၊ သီးနှံတွေကို အအေးခန်းတွေထဲမှာ သိုလှောင်သိမ်းဆည်းခြင်းဟာ ယိုယွင်းပျက်စီးမှုနဲ့ လေလွင့်ဆုံးရှုံးမှုတွေကို ထိရောက်စွာ ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် အအေးခန်းတွေမှာ သိုလှောင်သိမ်းဆည်းခြင်းဟာ သီးနှံအမျိုးအစား အားလုံးအတွက် သင့်တော်တာမျိုးတော့ မဟုတ်ပါဘူး။ အချို့သော သီးနှံတွေကတော့ အအေးခန်းတွေထက် သာမန်အခန်းအပူချိန်မှာ သိုလှောင်သိမ်းဆည်းထားခြင်းဖြင့် သက်တမ်းကြာရှည်ခံစေပြီး အရသာကိုလည်း ပိုကောင်းစေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ခရမ်းချဥ်၊ ကြက်သွန်၊ ငှက်ပျောသီး စတာတွေ ဖြစ်ပါတယ်။ ခရမ်းချဥ်နဲ့ ကြက်သွန်နီကို အအေးခန်းမှာ သိမ်းဆည်းထားမယ်ဆိုရင် ၎င်းတို့ရဲ့ အသွင်အပြင်နဲ့ အနံ့အရသာတွေကို ဆုံးရှုံးနိုင်မှာ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာလည်း အပူချိန်နဲ့ပတ်သတ်ရင် ထိခိုက်လွယ်တဲ့ သီးနှံတစ်မျိုးဖြစ်ပြီး အအေးခန်းတွေမှာ သိုလှောင်ခဲ့ရင် အအေးဒဏ်ကြောင့် ထိခိုက်ပျက်စီးတာမျိုးအထိ ဖြစ်ပေါ်နိုင်တာ ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် တရုတ်နံနံ၊ မုန်လာဥနီနဲ့ ကညွတ်ကဲ့သို့ ဟင်းသီးဟင်းရွက်တွေဆိုရင်တော့ အေးမြစိုစွတ်တဲ့ အခြေအနေကို ကြိုက်နှစ်သက်တဲ့အတွက် သီးနှံတွေရဲ့ ရင့်မှည့်ခြင်းဖြစ်စဥ်ကို နှေးကွေးသွားစေဖို့ အအေးခန်းတွေထဲမှာ ကြာရှည်စွာ သိုလှောင်သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်