မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးနိုင်တဲ့ ပန်းပင်များ

17/05/2022 14:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ယခုဆောင်းပါးမှာ ဖော်ပြပေးသွားမယ့် အပင်တွေဟာဆိုရင် မြေဆီလွှာတိုက်စားမှုပြဿနာ ရှိတဲ့နေရာတွေမှာ တော်တော်လေး အသုံးဝင်တဲ့ အပင်တွေ ဖြစ်ပါတယ်။ ပန်းပင်တွေဟာ ၎င်းတို့ရဲ့ ခိုင်ခံ့မှုရှိတဲ့အမြစ်စနစ်နဲ့ ကျယ်ပြန်တဲ့ အရွက်ပုံစံတွေကြောင့် မြေဆီလွှာကို ကောင်းစွာထိန်းသိမ်းနိုင်ပြီး မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြေသားပျော့ပြောင်းပြီး တိုက်စားခံရတာတွေကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိစိုက်ခင်းနဲ့ ဥယျာဥ်ခြံမြေတွေမှာ မြေဆီလွှာတိုက်စားမှုပြဿနာ ရှိနေတယ်ဆိုရင် အောက်ဖော်ပြပါ ပန်းပင်တွေကို ရွေးချယ်ပြီး စိုက်ပျိုးကြည့်နိုင်ပါတယ်။ အောက်ဖော်ပြပါ အပင်နာမည်တွေဟာ နေရာဒေသကို လိုက်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။

သင်္ဘောမညှိုးပင် (Common periwinkle)

သိပ္ပံအမည် - Vinca minor

သင်္ဘောမညှိုးပင်ဆိုတာဟာ ဆေးဖက်ဝင်ပြီး အဖြူ၊ အပြာနဲ့ ခရမ်းရောင် အပွင့်တွေ ပွင့်လေ့ရှိတဲ့ အမြဲစိမ်း နွယ်ပင်တစ်မျိုး ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း အလှစိုက်ပန်းပင်အနေနဲ့ အလွယ်တကူတွေ့နိုင်တဲ့ အပင်တစ်မျိုးပါ။ ဒီအပင်ဟာ ခြုံပင်တွေလို ကြီးမားထူထပ်စွာ ပေါက်ရောက်တတ်ပြီး ၎င်းလက္ခဏာကြောင့်ပဲ မြေဆီလွှာကို ကောင်းကောင်းဖုံးအုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအပင်ကို မြေဆီလွှာထိန်းသိမ်းရာမှာရော အလှဆင်ရာမှာပါ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ နေရာအတော်များများမှာ စိုက်ပျိုးနိုင်ပြီး ရွှံ့စေးဆန်တာ၊ အယ်ကာလီဆန်တာနဲ့ မြေဆီလွှာခြောက်သွေ့နေတာမျိုးတွေကိုလည်း ကောင်းကောင်းခံနိုင်ရည်ရှိတဲ့ အပင်ဖြစ်ပါတယ်။ ၎င်းရဲ့အမြစ်တွေဟာဆိုရင်လည်း တိမ်ပြီး လျင်မြန်စွာပြန့်ပွားတာ ဖြစ်တဲ့အတွက် မြေဆီလွှာကို ကောင်းကောင်းထိန်းထားပေးနိုင်တာ ဖြစ်ပါတယ်။

 

သရက်ထည်ပန်း (Creeping phlox)

သိပ္ပံအမည် - Phlox subulate

သရက်ထည်ပန်းရဲ့ မူရင်းဒေသကတော့ အမေရိကန်နိုင်ငံဖြစ်ပါတယ်။ ဒီပန်းပင်တွေဟာ အရောင်အသွေး စုံလင်စွာရှိပြီး မြန်မာနိုင်ငံမှာလည်း အလွယ်တကူ ဝယ်ယူစိုက်ပျိုးနိုင်တဲ့ ပန်းပင်ဖြစ်ပါတယ်။ Phlox subulate ဆိုတာက လက်တင်နာမည်ဖြစ်ပြီး အပ်နဲ့တူတဲ့ အရွက်တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီအပင်ဟာ မြေလျှောက်ပင်တစ်မျိုးဖြစ်ပြီး မြေမျက်နှာပြင်ပေါ်မှာ အလျားလိုက် လျင်မြန်စွာနဲ့ ဖြန့်ကျက်ပွားများနိုင်တာ ဖြစ်ပါတယ်။ အချိန်တိုအတွင်း မြေသားပေါ်မှာ ထူထပ်တဲ့ မြက်ခင်းတစ်ခုကဲ့သို့ ပွားများနိုင်တာကြောင့် မြေတိုက်စားမှုကို ကောင်းကောင်းကာကွယ်ပေးနိုင်တဲ့အပင် ဖြစ်ပါတယ်။

 

ရွှေစံပယ် (Weeping forsythia)

သိပ္ပံအမည် - Forsythia suspensa

ရွှေစံပယ်ပန်းပင်တွေကတော့ နွေဦးမှာ အဝါရောင်ပန်းပွင့်တွေ ပွင့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ မူရင်းဒေသကတော့ အာရှတိုက်ကဖြစ်ပြီး တရုတ်နိုင်ငံမှာဆိုရင် လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးလာခဲ့ကြတဲ့ အပင်ဖြစ်ပါတယ်။ ဒီအပင်ရဲ့ နာမည်ဟာ စကော့လူမျိုး ရုက္ခဗေဒ ပညာရှင်တစ်ဦးရဲ့ နာမည်ကို အစွဲပြုပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ချုံပင်အမျိုးအစားဖြစ်ပြီး အမြင့်ပေ ၈ ပေကနေ ၁၀ ပေ  လောက်အထိ ကြီးထွားနိုင်ပါတယ်။ အပင်အရွယ်အစား ကြီးလာတာနဲ့အမျှ အပင်ရဲ့အကိုင်းအခက်တွေဟာ မိုးမခပင်တွေလို အောက်ဘက်ကို ညွတ်လာမှာဖြစ်ပြီး မြေဆီလွှာကိုဖုံးပေးတဲ့ အနေအထားတွေ့ရမှာ ဖြစ်ပါတယ်။ ဒီအပင်ဟာလည်း မြေဆီလွှာကို ထိန်းသိမ်းရာမှာ ထိရောက်မှုရှိတာကြောင့် သစ်တောစိုက်ခင်းတွေ၊ ပန်းဥယျာဥ်တွေနဲ့ နေအိမ်ခြံဝန်းတွေထဲမှာ စိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါတယ်။ အထူးသဖြင့် တောင်စောင်းလိုနေရာတွေမှာ မြေဆီလွှာကို ထိန်းသိမ်းဖို့ စိုက်ပျိုးနိုင်တာဖြစ်ပါတယ်။

 

စမုန်ဖြူ (Creeping thyme)

သိပ္ပံအမည် - Thymus serpyllum

ဒီအပင်ဟာ စမုန်ဖြူ အမျိုးအစားတွေထဲက တစ်မျိုးဖြစ်ပြီး သံပုရာအနံ့ရှိကာ ပန်းပွင့်တဲ့ အပင်ဖြစ်ပါတယ်။ မူရင်းဒေသကတော့ ဥရောပနဲ့ အာဖရိကမြောက်ပိုင်း ဒေသတွေပဲ ဖြစ်ပါတယ်။ ဆေးဖက်ဝင် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ဥယျာဥ်ခြံမြေတွေမှာ မြေဖုံးဖို့နဲ့ အလှဆင်ဖို့အတွက် စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ အပေါ်ယံ မြေဆီလွှာကို ကောင်းကောင်းထိန်းပေးထားနိုင်ပြီး မြေဆီလွှာတိုက်စားမှုတွေကို ကာကွယ်ပေးနိုင်တဲ့ အပင်ဖြစ်ပါတယ်။ အမြင့်အားဖြင့် ၄ ပေ လောက်အထိ ကြီးထွားနိုင်ပါတယ်။ အကြမ်းခံတဲ့အပင်ဖြစ်ပြီး အာဟာရဓာတ်နည်းတာတွေနဲ့  ခြောက်သွေ့တဲ့အခြေအနေတွေကို ကောင်းကောင်းခံနိုင်ရည်ရှိပါတယ်။

 

ဂျူနီပါပင် (Creeping juniper)

သိပ္ပံအမည် - Juniperus horizontalis

ဂျူနီပါပင်ဟာ မျိုးစိတ်ပေါင်း ၁၀၀ ကျော်အထိ ရှိပြီး ထင်းရှူးနဲ့ဆင်တူတဲ့ ချုံပင်အမျိုးအစား ဖြစ်ပါတယ်။ မူရင်းဒေသကတော့ မြောက်အမေရိကဖြစ်ပြီး အထူးသဖြင့် ကနေဒါနိုင်ငံမှာ တွေ့ရှိရတာ ဖြစ်ပါတယ်။ ဒီအပင်ကိုလည်း အဓိကအားဖြင့် ဥယျာဥ်ခြံမြေတွေမှာ မြေဖုံးတဲ့အခါ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်စောင်းနဲ့ တောင်ကုန်းဒေသတွေမှာလည်း မြေဆီလွှာတိုက်စားမှုကို ကာကွယ်ဖို့စိုက်ပျိုးနိုင်ပါတယ်။ ဒီအပင်တွေဟာ ကြီးထွားမှုူ နှေးပြီး တစ်နှစ်ကို ၁ ပေဝန်းကျင်ခန့်သာ ကြီးထွားနိုင်ပါတယ်။ နေရောင်ခြည်ကို ကြိုက်နှစ်သက်ပြီး အေးတဲ့ဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိတဲ့ အပင်ဖြစ်ပါတယ်။

ဖက်ယားပင် (Spotted dead nettle)

သိပ္ပံအမည် - Lamium maculatum

ဖက်ယားပင်ဟာလည်း မြေဖုံးပင်အဖြစ် လူသိများပြီး နှစ်ရှည်ပင်အမျိုးအစားလည်း ဖြစ်ပါတယ်။ မူရင်းဒေသကတော့ ဥရောပ၊ အာရှတိုက်အနောက်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းဒေသတွေ ဖြစ်ပါတယ်၊။ မျိုးစိတ်ပေါင်း ၅၀ ကျော်ရှိပြီး ပင်စိမ်းမျိုးရင်းဝင် အပင်ဖြစ်ပါတယ်။ အေးတဲ့ရာသီမှာ မြေနဲ့ကပ်လျက် ပေါက်တတ်ပြီး ပူနွေးတဲ့ရာသီမှာတော့ အပင်က မြင့်လေ့ရှိပါတယ်။ ဒီအပင်ဟာ ကြီးထွားမှုမြန်ဆန်ပြီး မြေဆီလွှာကို လျင်မြန်စွာဖုံးအုပ်ပေးနိုင်တဲ့ အပင်ဖြစ်ပါတယ်။

 

ကိုးကားချက်

https://www.picturethisai.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်