ဖန်လုံအိမ်ဓာတ်ငွေ့(ကာဗွန်)ကို လျှော့ချပေးနိုင်သည့် စိုက်ပျိုးနည်းစနစ်များ

21/12/2023 11:00 AM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ယခုဆောင်းပါးတွင် စိုက်ပျိုးမွေးမြူရေးမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချသည့် နည်းလမ်းများအနက် မြေကြီးထဲတွင် ကာဗွန်ကို ပို၍ စုပ်ယူထားခြင်းအကြောင်းနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးပါမည်။ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးသော နည်းစနစ်များ၊ သစ်တောများပြုန်းတီးခြင်း၊ ရွှေ့ပြောင်းတောင်ယာနည်းစနစ်များသည် မြေကြီးထဲတွင် ကာဗွန်လျော့နည်းစေသောအကြောင်း များဖြစ်သည်။ သို့သော်လည်း သီးနှံစိုက်ပျိုးသည့် ပုံစံကို ကောင်းကောင်းနည်းလည်ထားပြီး ကာဗွန် သိုလှောင်နိုင်သော စိုက်ပျိုးနည်းစနစ်များကို ကျင့်သုံးခြင်းအားဖြင့် မြေကြီးထဲမှ ကာဗွန်ပမာဏ တိုးလာအောင် ဆောင်ရွက်ပေးနိုင်ပါသည်။

စိုက်ပျိုးမြေများသည် လေထုထဲမှ ကာဗွန်ကို သိုလှောင်ထိန်းသိမ်းနိုင်စွမ်းရှိသည်။ သုတေသနပြု ရှာဖွေဖော်ထုတ်ချက်များအရ ခေတ်မီတိုးတက်ပြောင်းလဲလာသော စိုက်ပျိုးရေးနည်းစနစ်ကောင်းများသည် မြေကြီးထဲတွင် ကာဗွန်သိုလှောင်မှုပမာဏကို တိုးမြင့်စေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းစေပါသည်။

လယ်ယာစီမံစိုက်ပျိုးနည်းစနစ်များဖြစ်သော

  • အနည်းဆုံးထွန်ယက်စိုက်ပျိုးသည့် နည်းစနစ်ဖြင့် စိုက်ပျိုးခြင်း၊
  • မြေဖုံးသီးနှံ စိုက်ပျိုးခြင်း၊ မြေသြဇာ သမမျှတအောင်ကျွေးခြင်း၊
  • သဘာဝမြေသြဇာထည့်သွင်းအသုံးပြုခြင်း၊
  • ပင်ကြွင်းပင်ကျန်များကို ထယ်ထိုးထွန်မှောက်ခြင်း၊
  • သီးလှည့်စိုက်ပျိုးခြင်း၊
  • မြေတွင်း အဏုဇီဝပွားများလာအောင် ဆောင်ရွက်ပေးခြင်းတို့သည် မြေကြီးမှ ကာဗွန်ကို ရေရှည်ထိန်းသိမ်းပေးနိုင်သော နည်းလမ်းများ ဖြစ်သည်။ 

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးနည်းစနစ် (conservation agriculture - CA) သည်လည်း မြေကြီးအတွင်း ကာဗွန်ကို သိုလှောင်ထိန်းသိမ်းရန်အတွက် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြစ်ပါသည်။ ၎င်းနည်းစနစ်တွင် မြေကြီးကို အနည်းဆုံးထွန်ယက်စိုက်ပျိုးခြင်း (Least possible disturbance of soil)၊ မြေဖုံးသီးနှံစိုက်ပျိုးခြင်း (Permanent soil cover) နှင့် သီးနှံမျိုးစုံပါဝင်သော သီးလှည့်စိုက်ပျိုးခြင်း (Diversified crop rotation) တို့ ပါဝင်သည်။

တစ်နည်းအားဖြင့် သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (CA) သည် ရာသီဥတုပြောင်းလဲမှုကို တုန့်ပြန်ခံနိုင်ရည်ရှိသော စိုက်ပျိုးနည်းစနစ် (climate resilient agriculture) တစ်ခုလည်း ဖြစ်ပါသည်။ သဘာဝဝန်းကျင်မပျက်စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးခြင်းအားဖြင့် များစွာသော အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ ၎င်းတို့တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းခြင်း၊ သဘာဝလောင်စာဆီအသုံးပြုမှုကို လျှော့ချခြင်း၊ မြေတိုက်စားမှု လျော့နည်းခြင်း၊ မြေသားတည်ဆောက်ပုံ တိုးတက်ကောင်းမွန်ခြင်း၊ ရေထိန်းသိမ်းနိုင်စွမ်းအားကောင်းမွန်ခြင်း၊ အထွက်နှုန်းမတည်ငြိမ်မှု လျော့နည်းခြင်း၊ လေထုထဲမှ ကာဗွန်ကို ဖမ်းယူထိန်းသိမ်းပြီး မြေကြီးအတွင်း ကာဗွန်ပမာဏတိုးပွားအောင်လုပ်ဆောင်နိုင်ခြင်း စသည်အချက်များ ပါဝင်ပါသည်။ သုတေသနအစီအရင်ခံစာများမှာလည်း မြေကြီးကို မြေဆီသြဇာထက်သန်အောင် တိုးတက် ကောင်းမွန်သောနည်းလမ်းများဖြင့် စီမံဆောင်ရွက်ပေးခြင်းသည် မြေကြီးအတွင်း ကာဗွန်ပမာဏကို တိုးမြင့်စေပါသည်။ သင့်တင့်မျှတဆီလျော်သော မြေသြဇာကျွေးခြင်းသည်လည်း မြေကြီးအတွင်း အော်ဂဲနစ်ကာဗွန်ပမာဏ (soil organic carbon) ကို တိုးပွားစေပါသည်။

ထို့အပြင် မြေဖုံးသီးနှံအနေဖြင့် ပဲသီးနှံနှင့် မြက်မျိုးရင်းဝင်အပင်များကို သီးလှည့် စနစ်တွင် ထည့်သွင်းစိုက်ပျိုးပေးခြင်းအားဖြင့် မြေကြီး၏ အော်ဂဲနစ်ကာဗွန်ပမာဏကို တိုးမြင့်စေပြီး မြေဆီသြဇာထက်သန်စေပါသည်။

သဘာဝအရင်းအမြစ်ထိန်းသိမ်းသော နည်းစနစ်များဖြစ်သည့် အနည်းဆုံး (သို့မဟုတ်) မထွန်မယက်စိုက်ပျိုးနည်းစနစ်၊ တိုက်ရိုက်အစေ့ချစိုက်ပျိုးနည်းစနစ်၊ ရှေ့က ရိတ်သိမ်းပြီး ကျန်ရှိ‌သောသီးနှံပင်ကြွင်းပင်ကျန်များဖြင့် မြေဖုံးအုပ်ပေးခြင်း (သို့မဟုတ်) အစဉ်အမြဲမြေဖုံးသီးနှံစိုက်ပျိုးပေးခြင်းနှင့် သီးလှည့်စိုက်ပျိုးနည်းစနစ်တို့သည် မြေတွင်းအာဟာရဓာတ်နှင့် အစိုဓာတ်ကဲ့သို့သော သဘာဝအရင်းအမြစ်များ၏ ထိထိရောက်ရောက်အသုံးချနိုင်မှုကို တိုးမြင့်စေပါသည်။ ၎င်းအပြင် မြေတွင်းအော်ဂဲနစ်ကာဗွန်ပမာဏကို တိုးမြင့်စေပြီး စိုက်ပျိုးမြေမှ ကာဗွန်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းစေပါသည်။

မထွန်မယက်စိုက်ပျိုးခြင်း၊ သီးနှံပင်ကြွင်း ပင်ကျန်များကို မြေကြီးအတွင်း ပြန်ထည့်ခြင်းနှင့် ပဲမျိုးရင်းဝင်အပင်များကို စိုက်ပျိုးပေးခြင်းတို့သည် သီးနှံစိုက်ပျိုးသော မြေများအတွက် ကာဗွန်သိုလှောင်ထိန်းသိမ်းပေးနိုင်သော နည်းစနစ်ကောင်းများ ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်