အိုးနဲ့စိုက်ပျိုးထားတဲ့ အပင်တွေ အိုးသစ်လဲပေးသင့်တဲ့အချိန်နဲ့ လဲပြီဆိုသတိပြုရမယ့်အချက်

10/04/2024 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ယနေ့ခေတ်မှာက အလှစိုက်ပန်းပင်တွေကိုပဲ အိုးတွေနဲ့စိုက်ပျိုးကြတာ မဟုတ်တော့ပါဘူး။ မြေနေရာ အခက်အခဲကြောင့် စားသုံးလို့ရတဲ့ သီးနှံပင်လေးတွေကိုလည်း မိမိနေအိမ် (သို့မဟုတ်) ခြံဝန်းအတွင်းမှာ အိုးလေးတွေနဲ့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိကြတာဖြစ်ပါတယ်။ မိမိစိုက်ပျိုးထားတဲ့ အပင်တွေ ကြီးထွားရှင်သန်လာတဲ့အခါမှာ ၎င်းတို့ရဲ့ အရွယ်အစားနဲ့ သင့်တော်တဲ့အိုး (သို့မဟုတ်) ပိုမိုကျယ်ဝန်းတဲ့ တစ်နေရာကို ရွှေ့ပြောင်းပေးဖို့ လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး နေရာပြောင်းရွှေ့တာ အိုးလဲတာမျိုးတွေဟာ အရမ်းကြီး အရေးမကြီးဘူးလို့ ထင်မိကြမှာပါ။ အပင်တွေကို အိုးလဲပေးတာက တကယ်မလိုအပ်ဘဲနဲ့လုပ်ခဲ့ရင် အကျိုးမရှိနိုင်သလို အိုးလဲဖို့လိုအပ်နေတဲ့အချိန်မှာ မလုပ်ခဲ့ရင်လည်း အပင်တွေရဲ့ ကြီးထွားရှင်သန်နိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။

မြေလဲပေးတာနဲ့ အိုးအသစ်လဲပေးတာတွေကို ကိုယ်တိုင်ပြုလုပ်တဲ့အခါမှာ အပင်တွေထိခိုက်မှုမရှိစေဖို့အတွက် သတိထားရမယ့် အချက်လေးတွေ နည်းလမ်းလေးတွေ သိထားမယ်ဆိုရင်တော့ ပိုပြီးအကျိုးရှိမှာ ဖြစ်ပါတယ်။

အပင်တွေကို အိုးနဲ့စိုက်ပျိုးထားခြင်းဟာ သူ့သဘာဝအတိုင်း ပေါက်ရောက်တာမျိုးမဟုတ်တဲ့အတွက် အပင်စိုက်ပျိုးသူက ဘယ်လောက်ပဲ အသေးစိတ် ပြုစုစောင့်ရှောက်တယ်ပြောပြော အပင်တွေအတွက် ကန့်သတ်ချက်တွေ လိုအပ်ချက်တွေက ရှိနေမှာ ဖြစ်ပါတယ်။ အပြင်မှာ ချစိုက်တဲ့အပင်တွေနဲ့ အိုးနဲ့စိုက်ပျိုးတဲ့ အပင်တွေဟာ အပင်အရွယ်အစား၊ ရေရရှိနိုင်မှု၊ မြေဆီလွှာအခြေအနေ နဲ့ အပင်ရဲ့ ကျန်းမာရေးတွေက အစ သိသာထင်ရှားစွာ ကွဲပြားနိုင်ပါတယ်။ 

ဘာကြောင့် အပင်တွေကို အိုးလဲပေးဖို့လိုအပ်တာလဲ? 

အပင်တွေကို အိုးလဲတဲ့အခါမှာ အဓိကအားဖြင့် ရည်ရွယ်ချက် ၂ ချက်ရှိပါတယ်။ ပထမအချက်က ကြီးထွားလာမယ့် အပင်ရဲ့ အမြစ်တွေအတွက် ပိုမိုကျယ်ဝန်းတဲ့ နေရာတစ်ခုပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ အိုးနဲ့စိုက်ပျိုးတဲ့ အပင်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အာဟာရဓာတ်တွေ ကုန်ခမ်းချို့တဲ့လာတာကို ပြန်လည်ပြုပြင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ 

ယေဘုယျအားဖြင့် အိုးနဲ့စိုက်ပျိုးတဲ့အပင်တွေဆိုရင် ၎င်းတို့ရဲ့ကြီးထွားနိုင်မှုအပေါ် မူတည်ပြီး ၁၂ လ မှ ၁၈ လ ကြာလျှင် တစ်ကြိမ် အိုးလဲပေးသင့်တယ်လို့ မှတ်ယူနိုင်ပါတယ်။

အချို့သော ကြီးထွားမှုနှေးတဲ့အပင်တွေဆိုရင်တော့ အိုးထဲက မြေဆီလွှာကို အခါအားလျော်စွာ ပြုပြင်ပေးခြင်းဖြင့် နှစ်အတော်ကြာကြာ ထားလို့ရပါတယ်။ အပင်တွေကို အိုးလဲရာမှာ အချိန်တစ်ခုသတ်မှတ်ထားပြီး မဖြစ်မနေလဲရမယ်လို့ မဆိုလိုပါဘူး။ မိမိစိုက်ပျိုးထားတဲ့ အပင်အမျိုးအစား၊ ပတ်ဝန်းကျင်အခြေအနေ၊ ပြုစုစောင့်ရှောက်မှု၊ မြေသားအခြေအနေတွေပေါ် မူတည်ပြီးတော့ လုပ်ဆောင်နိုင်ပါတယ်။ 

ပြန်လည်ပေါင်းသင်ဖို့ (သို့မဟုတ်) အိုးလဲပေးဖို့အတွက် အပင်တွေကပြတဲ့ လက္ခဏာများ 

 အမှန်တော့ အပင်တွေဟာလည်း စကားပြောတတ်ကြပါတယ်။ သူတို့မှာ အာဟာရလိုအပ်နေတာ၊ ပိုး ရောဂါကျရောက်နေတာ၊ အဆိပ်သင့်နေတာ၊ ကြီးထွားဖွံဖြိုးဖို့အတွက် အခက်အခဲဖြစ်နေတာမျိုးဆိုရင် အပင်စိုက်ပျိုးတဲ့သူတွေ သိရှိဖို့ သူတို့နည်း သူ့တို့ဟန်နဲ့ လက္ခဏာတွေ ပြလေ့ရှိပါတယ်။ အခုဖော်ပြပေးမယ့်အချက်တွေဟာဆိုရင် အပင်တွေကနေ ၎င်းတို့ကို ပြန်လည်ပေါင်းသင်ဖို့ (သို့မဟုတ်) အိုးလဲပေးဖို့အတွက် ဖော်ပြနေတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ 

- အပင်ဟာ ထည့်သွင်းစိုက်ပျိုးထားတဲ့ အိုးထက် ၃ ဆ ပိုပြီး နေရာယူလာခြင်း 

- အိုးအတွင်းရှိ အပေါ်ယံမြေသား တင်းကြပ်လေးလံလာခြင်း 

- အိုးအောက်ခြေရှိ ရေဆင်းပေါက်များသို့ အမြစ်များ ထိုးဖောက်ကြီးထွားလာခြင်း 

- သို့မဟုတ်ပါက အမြစ်များဟာ အိုးရဲ့အပေါ်ဘက် မျက်နှာပြင်ရှိ မြေဆီလွှာသို့ ထိုးဖောက်ကြီးထွားလာခြင်း 

- ရာသီဥတုအခြေအနေကြောင့်မဟုတ်ဘဲ တစ်ပင်လုံး ကြီးထွားမှု ရုတ်တရက်နှေးကွေးသွားခြင်း 

- အပင်ဟာ ရေ မကြာခဏလိုအပ်သလို မြေဆီလွှာ ခြောက်သွေ့တာလည်းမြန်ခြင်း 

- အိုးရဲ့ခြောက်သွေ့တဲ့ အပေါ်ယံမျက်နှာပြင်မှာ ဆားနဲ့ သတ္တုဓာတ်အချို့ စုပုံနေသည့် လက္ခဏာတွေ့ရခြင်း 

- အပင်ရေလောင်းရာတွင် အိုးအတွင်းသို့ ရေစိမ့်ဝင်နိုင်ခြင်း မရှိဘဲ အပေါ်ယံမျက်နှာပြင်တွင် ရေများ ကျန်ရှိနေခြင်း 

- အပင်စစိုက်သည့်အချိန်မှစ၍ နှစ်အတော်ကြာသည်အထိ မြေနှင့်အိုးကို ပြုပြင်ထားမှု မရှိခြင်း

- ပိုး၊ ရောဂါများ ဆိုးဆိုးရွားရွားကျရောက်ထားခြင်း 

စတဲ့အချက်တွေအပေါ်မူတည်ပြီး အိုးနဲ့စိုက်ပျိုးထားတဲ့ မိမိ အပင်လေးတွေကို ပြန်လည်ပေါင်းသင်ပေးဖို့၊ မြေနဲ့ အိုးအသစ်လဲပေးဖို့ ဆုံးဖြတ်သင့်ပါတယ်။ 

အပင်တွေကို ပြန်လည်ပေါင်းသင်ပြီး အိုးလဲရာမှာ ပြုလုပ်ရမယ့် အခြေခံအချက်များ 

၁။ အိုးလဲရာမှာ ပါဝင်ရမယ့် ပစ္စည်းတွေကို ပြင်ဆင်ပါ 

အပင်နဲ့သင့်တော်မယ့် အိုးအမျိုးအစား၊ အိုးထဲထည့်မယ့် စပ်မြေ၊ အပင်စိုက်ဖို့လိုအပ်တဲ့ကိရိယာ စတာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ထို့အပြင် ရေဆင်းကောင်းပြီး မြေအစိုဓာတ်ထိန်းပေးထားစေမဲ့ ကျောက်ပွတွေ၊ အုန်းဆံခွံတွေနဲ့ မီးသွေးခဲအပိုင်းအစတွေ စသည်ဖြင့် မိမိအသုံးပြုချင်တဲ့ ပစ္စည်းတွေကို စုစည်း ပြင်ဆင်ထားသင့်ပါတယ်။ 

၂။ အိုးအဟောင်းမှ အပင်ကိုဖယ်ရှားပါ 

အိုးကနေ အပင်ကို ဖယ်ရှားရာမှာ Transplanting Shock လို့ခေါ်တဲ့ ပြောင်းရွှေ့စိုက်ပျိုးချိန်မှာ  အပင်နာတာမျိုး ဖြစ်နိုင်တဲ့အတွက် သတိထားပြီးလုပ်ကိုင်သင့်ပါတယ်။ ဖြစ်နိုင်လျှင် အပင်ဖယ်ရှားရာမှာ ပင်မပင်စည်ကို ညင်သာစွာ ကိုင်ထားပြီး မြေဆီလွှာပျော့ပျောင်းသွားသည်အထိ အိုးရဲ့အောက်ခြေ တစ်လျှောက်ကို ဖြေးဖြေးချင်း ဖိနှိပ်ပေးသင့်ပါတယ်။ အပင်နဲ့ အိုးထဲကမြေသားအလုံးလိုက် စတင်လျှောကျလာသည်အထိ ဖြေးဖြေးချင်းစောင်းပြီး ညင်သာစွာ ဆွဲထုတ်သင့်ပါတယ်။ 

၃။ အမြစ်များကို ခွဲထုတ်ပါ

အပင်ဖယ်ရှားပြီးတဲ့နောက်မှာ သေးငယ်တဲ့ မြစ်မွှားလေးတွေနဲ့ ရှည်လျားနေတဲ့ အမြစ်လေးတွေကို လက်နဲ့ဖြတ်တောက်ပေးသင့်ပါတယ်။ အမြစ်တွေဟာ အချိန်ကြာတဲ့အခါ အိုးရဲ့အောက်ခြေမှာ တင်းကျပ်တဲ့အမြစ်အဖွဲ့အစည်းအနေနဲ့ တွယ်ကပ်နေတာမျိုးတွေ့ရမှာ ဖြစ်ပါတယ်။ 

၄။ အပင်စိုက်မယ့် အိုးကို ပြင်ဆင်ပါ 

အကယ်၍ သင်ဟာ မြေကိုသာလဲပြီး ယခင်ပန်းအိုးအဟောင်းကို ပြန်အသုံးပြုမယ်ဆိုရင်တော့ အိုးကိုသေချာဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။ ယခင်က ပိုး ရောဂါတွေ ကျရောက်ခဲ့ဖူးတယ်ဆိုရင်တော့ အိုးကို အိမ်သုံး အရောင်ချွတ်ဆေး ၁ ဆနဲ့ ရေ ၉ ဆ ရောပြီး ၁၀ မိနစ်လောက်စိမ်ထားမယ်ဆိုရင်တော့ ရောဂါတွေပြန်လည်ကျရောက်တတ်တာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ရေဆင်းအားကောင်းစေဖို့ အိုးရဲ့အောက်ခြေမှာ ကျောက်ခဲတွေထည့်လို့ရပါတယ်။ ပြီးရင်တော့ မြေသားအသစ်ထည့်နိုင်ပါတယ်။ မြေထည့်တဲ့အခါ အိုးရဲ့ ၄ ပုံ ၃ ပုံ လောက်အထိကိုပဲ ထည့်ပေးသင့်ပါတယ်။ 

၅။ အပင်ကို အိုးထဲသို့ထည့်ပါ 

အပင်ကိုအိုးထဲထည့်တဲ့အခါမှာ အပင်တစ်ပင်တည်းဆိုရင်တော့ အလယ်တည့်တည့်မှာထားနိုင်ပါတယ်။ အဲ့လိုထားပေးခြင်းဟာ အမြစ်ကြီးထွားမှုကို ပိုမိုကောင်းမွန်စေပါတယ်။ အပင်ထည့်ပြီးတဲ့နောက် မြေဖုံးရာမှာ အမြစ်များထိခိုက်မှုမရှိအောင် ပင်စည်တစ်ဝိုက်မှာ အလွန်တင်းကျပ်စွာ ဖိသိပ်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ 

၆။ ရေသေချာလောင်းပါ 

ရေလောင်းပေးခြင်းဟာ အပင်ကို ၎င်းရဲ့မူလပတ်ဝန်းကျင်အခြေအနေကို ပြန်လည်ရောက်ရှိအောင် ကူညီပေးတာဖြစ်ပါတယ်။ ရေစလောင်းတဲ့အချိန်မှာ လေပူဖောင်းလေးတွေ ထွက်လာမှာဖြစ်ပြီး ရေကို ဖြေညင်းစွာလောင်းပေးရပါမယ်။ ရေလောင်းလိုက်လို့ မြေသားနိမ့်ကျသွားတယ်ဆိုရင် စပ်မြေကို ထပ်ပြီးထည့်ပေးလို့ရပါတယ်။ ရေလောင်းတဲ့အခါ အိုးထဲမှာ ရေဝပ်နေတာမျိုး ရှိ မရှိ၊ ရေစိမ့်ဝင်မှု ရှိ မရှိ သေချာစစ်ဆေးပြီးမှ မိမိစိုက်ပျိုးထားရှိမယ့် နေရာမှာထားသင့်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်