မျိုးစေ့တွေ အပင်ပေါက်ဖို့ အလင်းရောင်က လိုအပ်တာလား..?

08/02/2024 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အပင်တွေ အစာချက်လုပ်နိုင်ဖို့ဆိုရင် အလင်းရောင် လိုအပ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပြီးသားပါ။ သို့ပေမဲ့ အညွန့်လေးတွေ အရွက်လေးတွေ မထွက်ပေါ်လာခင် အစေ့အဆန် အနေအထားမှာဆိုရင်ကော အလင်းရောင် လိုအပ်ပါသလား။ ဘယ်လို မျိုးစေ့တွေက အပင်ပေါက်ဖို့အတွက် အလင်းရောင်လိုအပ်ပါသလဲဆိုတာနဲ့ ဘာကြောင့်လဲဆိုတာ ယခုဆောင်းပါးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

မျိုးစေ့ကနေ အညှောက်ပေါက်လာမဲ့ ဖြစ်စဉ်မှာဆိုရင် မှန်ကန်တဲ့ အပူချိန်၊ အစိုဓာတ်ပမာဏနဲ့ အောက်ဆီဂျင်တို့ကို လိုအပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့အများစု မသိကြတာက အချို့သောမျိုးစေ့တွေဟာ အပင်ပေါက်လာဖို့အတွက် အလင်းရောင်ပါ လိုအပ်တယ်ဆိုတာပါပဲ။

  • ပုံမှန်အားဖြင့်ဆိုရင် မျိုးစေ့အများစုဟာ အညှောက်ပေါက်ဖို့ရာအတွက် အလင်းရောင် မလိုအပ်ဘဲ အချို့ကတော့ မှောင်မိုက်တဲ့ အခြေအနေတွေကိုတောင် လိုအပ်ကြတာဖြစ်ပါတယ်။
  • သို့ပေမဲ့လည်း အချို့သောမျိုးစေ့တွေကတော့ ငုပ်လျှိုးတဲ့အ​ခြေအနေ (dormancy) ကို ချိုးဖျက်ဖို့ရာအတွက် အလင်းရောင်ကို လိုအပ်ကြတာဖြစ်ပြီး အလင်းရောင်မရရှိခဲ့ရင် အပင်မပေါက်နိုင်ကြတာ ဖြစ်ပါတယ်။
  • အရွယ်အစားကြီးမားတဲ့ မျိုးစေ့တွေဆိုရင် အပင်ပေါက်ဖို့အတွက် အလင်းရောင်မလိုအပ်ကြသလို အချို့ကတော့ မှောင်မိုက်တဲ့ အခြေအနေများကိုပါ လိုအပ်ကြတာ ဖြစ်ပါတယ်။

သေးငယ်တဲ့မျိုးစေ့တွေကတော့ သူတို့မှာ လိုအပ်တဲ့စွမ်းအင် မပါဝင်တာကြောင့် အလင်းရောင်လိုအပ်ကြတာ ဖြစ်ပါတယ်။ သေးငယ်တဲ့မျိုးစေ့လေးတွေဟာဆိုရင် ငုပ်လျှိုးတဲ့အခြေအနေကို ချိုးဖျက်ဖို့ရာအတွက် နေရောင်ခြည်မှ စွမ်းအင်ကို လိုအပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နက်ရှိုင်းတဲ့မြေဆီလွှာကို ထိုးဖောက်ပြီး အလင်းရောင်ရှိတဲ့နေရာကို သွားရောက်နိုင်ဖို့ရာ သူတို့မှာ စွမ်းအင်အလုံအလောက် မပါဝင်တာကြောင့် ဖြစ်ပါတယ်။ အလင်းရောင်နဲ့ ထိတွေ့တဲ့အခါ မျိုးစေ့ရဲ့ ငုပ်လျှိုးမှုကို ထိန်းသိမ်းပေးထားတဲ့ abscisic acid ထုတ်လုပ်မှုကို ဟန့်တားကာ အပင်ပေါက်လာနိုင်စေတဲ့ gibberellins ဟော်မုန်းကို ထုတ်လွှတ်ပေးတာ ဖြစ်ပါတယ်။

အပင်တွေကို မျိုးစေ့ကနေ စတင်စိုက်ပျိုးခြင်းဟာ ရိုးရှင်းတဲ့နည်းလမ်းတစ်ခု ဖြစ်ပေမဲ့လည်း ကျွန်တော်တို့ စိုက်ပျိုးမယ့်မျိုးစေ့နဲ့ပတ်သတ်လို့ လိုအပ်တဲ့အခြေအနေတွေကို သိရှိထားဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ အပင်စိုက်ပျိုးသူ အများစုဟာဆိုရင် ကြွေပန်း (begonias)၊ ရေမွှေးပန်း (geraniums) နဲ့ နှဲပန်း (petunias) ကဲ့သို့သော အပင်မျိုးစိတ်တွေဟာ အပင်ပေါက်ဖို့အတွက် အလင်းရောင်လိုအပ်ပြီး ၎င်းတို့ကို မြေဆီလွှာနဲ့ ဖုံးအုပ်ထားခြင်းဖြင့် အပင်ပေါက်ခြင်းကို ဟန့်တားနိုင်ကြောင်း သတိမပြုကြတာမျိုး ဖြစ်တတ်ပါတယ်။ 

ယေဘုယျအားဖြင့်တော့ မျိုးစေ့တွေကို စိုက်ပျိုးတဲ့အခါမှာ မျိုးစေ့အထူ (seed thickness) ရဲ့ သုံးဆ ပိုနက်တဲ့ အနေအထားမှာ စိုက်ပျိုးသင့်တယ်ဆိုပြီး မျိုးစေ့စိုက်ပျိုးနည်းဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက် ရှိတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ပဲစေ့တွေလို အရွယ်အစားကြီးတဲ့ မျိုးစေ့တွေဆိုရင် တစ်လက်မကနေ သုံးလက်မအထိ အနက်မှာ စိုက်ပျိုးသင့်ပြီး မုန်လာဥနီကဲ့သို့ သေးငယ်တဲ့မျိုးစေ့တွေဆိုရင်တော့ မြေပြန်လည်ဖုံးအုပ်ပေးတယ် ဆိုရုံလောက်သာ ခပ်ပါးပါး ဖုံးအုပ်ထားသင့်တာ ဖြစ်ပါတယ်။ မျိုးစေ့အထုပ်တွေကို ဝယ်ယူအသုံးပြုတယ်ဆိုရင်တော့ ၎င်းတို့ရဲ့ ညွှန်ကြားချက်အတိုင်း မျိုးစေ့တွေကို အနက်ဘယ်လောက်မှာ စိုက်ပျိုးရမယ်ဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ မျိုးစေ့တွေကို မိမိဘာသာခန့်မှန်းခြေနဲ့ ခပ်နက်နက်စိုက်မိမယ်ဆိုရင်  မြေဆီလွှာရဲ့ အပေါ်ယံမျက်နှာပြင်ကို ထိုးထွက်လာနိုင်ဖို့အတွက် သိုလှောင်ထားတဲ့စွမ်းအင် လုံလုံလောက်လောက် မရှိနိုင်တာကြောင့် သီးနှံအမျိုးကိုအစားလိုက်ပြီး အကြံပြုထားတဲ့အတိုင်း မျိုးစေ့များကို စိုက်ပျိုးသင့်တာ ဖြစ်ပါတယ်။ 

အချို့သော မျိုးစေ့တွေဟာ ၎င်းတို့ရဲ့ အနားယူငုပ်လျှိုးတဲ့ကာလကို ခြေဖျက်ပြီး အပင်မပေါက်မီ ၎င်းတို့အား အလင်းရောင်နဲ့ထိတွေ့ပေးဖို့ လိုအပ်တာဖြစ်ပါတယ်။ ဒီလိုမျိုးစေ့တွေဟာဆိုရင် ၎င်းတို့အတွက် လိုအပ်တဲ့အလင်းရောင် ရရှိတာနဲ့ အပင်ပေါက်နိုင်တာ ဖြစ်ပါတယ်။ ဘောလုံးပန်း (Platycodon grandiflorus) ကဲ့သို့သော ကိုယ်တိုင်မျိုးစေ့ချတဲ့ ပန်းပင်တွေဆိုရင် ၎င်းတို့ရဲ့ မျိုးစေ့တွေကို မြေကြီးပေါ်မှာ ချလိုက်ပြီးနောက် ၎င်းတို့ ကျရောက်သွားတဲ့နေရာ မိခင်အပင်ရဲ့အနီးဝန်းကျင်မှာပဲ အပင်ပြန်ပေါက်ကြတာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အလင်းရောင်ရရှိခြင်း အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ အခြားသောအကြောင်းအရာတွေကို ပြန်လည်တုံ့ပြန်ခြင်းအားဖြင့် အပင်ပေါက်လာကြတာ ဖြစ်ပါတယ်။

✅ အပင်ပေါက်ဖို့အတွက် အလင်းလိုအပ်သော မျိုးစေ့များ

အလင်းရောင်နဲ့ ထိတွေ့လိုက်တဲ့အခါ ကောင်းမွန်စွာနဲ့ အပင်ပေါက်လာနိုင်တဲ့ မျိုးစေ့ အမျိုးအစားများစွာရှိပါတယ်။ အဆိုပါ မျိုးစေ့တွေကို သတိမပြုမိဘဲ မြေသားထူထူ ဖုံးအုပ်ပေးထားခဲ့ပါက ပတ်ဝန်းကျင်အခြေအနေတွေ ကောင်းမွန်လာသည့်တိုင်အောင် မြုံနေတတ်ပြီး အပင်ပေါက်နိုင်မှာ မဟုတ်ပါဘူး။ အဆိုပါ မျိုးစေ့တွေကို မြေမဖုံးသင့်ဘူးလို့ဆိုပေမယ့်လည်း မြေခပ်ပါးပါးတော့ ဖုံးပေးထားသင့်ပြီး အပင်ပေါက်လာနိုင်ဖို့အတွက် အစိုဓာတ်လည်း ရှိနေဖို့လိုအပ်ပါတယ်။ မျိုးစေ့ကနေ အပင်ပေါက်လာဖို့အတွက် အလင်းရောင်လိုအပ်တဲ့ အပင်အမျိုးအစားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

ကတူးဖို (Ageratum)၊ ဘောလုံးပန်း၊ စမုန်ဖြူ၊ ၁၂ ရာသီပန်း၊ စမုန်စပါး၊ ရို့စ်မေရီ၊ ကြွေပန်း၊ ကတ္တီပါရွက်လှ၊ ရေမွှေးပန်း၊ ဆလတ်၊ နံနံပင်၊ မုန်လာဥနီ၊ ဆူးပန်းပင်၊ ဒေစီပန်း (Osteospermum)၊ နှဲပန်း၊ ကျားပါးစပ်ပန်း။

✅ အလင်းရောင်နဲ့ ထိတွေ့သည်ဖြစ်စေ မထိတွေ့သည်ဖြစ်စေ အပင်ပေါက်နိုင်သော မျိုးစေ့များ

မျိုးစေ့အများစုကတော့ မြေဆီလွှာမဖုံးထားဘဲနဲ့လည်း အပင်ပေါက်နိုင်တာဖြစ်ပြီး ၎င်းအခြေအနေဟာ အပင်ပေါက်ဖို့အတွက် အလင်းရောင်ကို မရှိမဖြစ် လိုအပ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အချို့သော မျိုးစေ့တွေကတော့ အလင်းရောင်ထိတွေ့မှုကို လျစ်လျူရှုနိုင်ပြီး ၎င်းတို့ရဲ့ အောက်ခြေ (သို့မဟုတ်) အပေါ်ကနေ မြေဆီလွှာဖုံးအုပ်ပေးထားခြင်းဖြင့် အပင်ပေါက်နိုင်တာ ဖြစ်ပါတယ်။ ဇကွဲပန်း (alyssum) နဲ့ ရွှေဒင်္ဂါးပန်း (cosmos) ကဲ့သို့သော ပန်းပင်တွေရဲ့ မျိုးစေ့တွေဆိုရင် အလင်းရောင်နဲ့ မထိတွေ့ခဲ့ရင်တောင်မှ ၎င်းတို့ကိုယ်တိုင် အပင်ပေါက်လာနိုင်တာဖြစ်ပါတယ်။ အဆိုပါ အပင်အမျိုးအစားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

ဇကွဲပန်း (သို့မဟုတ်) ပေါက်ပေါက်ဆုပ်ပန်း၊ မေမြို့ပန်း၊ ဒန်းပန်း၊ ဂေါ်ဖီ၊ သခွားသီး၊ ဇော်မွှားပန်း၊ ခရမ်းသီး၊ ထပ်တရာပန်း၊ ဖရဲသီး၊ ငရုတ်ကောင်း၊ သခွားမွှေး၊ ခရမ်းချဉ်၊ ဒေါင်းဖန်ဝါပန်း တို့ပဲ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အပင်တွေရဲ့ မျိုးစေ့တွေဟာ မြေဖုံးအုပ်ပေးဖို့ မလိုအပ်ပေမယ့်လည်း အကြံပြုထားတဲ့ မြေအတိမ်အနက်မှာ စိုက်ပျိုးမယ်ဆိုရင်တော့ မျိုးစေ့တွေကို အစိုဓာတ်ရရှိစေပြီး ငှက်တွေရဲ့ ကောက်ယူစားသောက်ခြင်းဘေးကနေ ကင်းဝေးစေကာ မျိုးစေ့တွေကနေ အပင်လေးတွေ ကောင်းမွန်စွာကြီးထွားလာစေမှာ ဖြစ်ပါတယ်။

အပင်ပေါက်လာဖို့ရာ အရေးကြီးတဲ့ အပူချိန်နဲ့ အစိုဓာတ်

မျိုးစေ့တွေကို မြေမျက်နှာပြင်ပေါ်မှာ ချစိုက်ခြင်းဟာ လွယ်ကူတယ်ဆိုပေမယ့်လည်း ၎င်းတို့ကို နေရောင်ခြည် အမြဲထိတွေ့နေတဲ့အခါမှာ အပင်ပေါက်နိုင်ဖို့ ခက်ခဲပါတယ်။ မျိုးစေ့အများစု အပင်ပေါက်လာဖို့အတွက် သင့်တော်တဲ့ အပူချိန်ကတော့ ၂၁ - ၂၄ ဒီဂရီစင်တီဂရိတ်အတွင်းပဲ ဖြစ်ပါတယ်။ ထို့အပြင် မျိုးစေ့တွေဟာ သင့်တော်တဲ့ အစိုဓာတ်မပြတ်ရရှိနေဖို့လည်း လိုအပ်ပါတယ်။ တိရစ္ဆာန်များဖျက်ဆီးခြင်း၊ လေတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာခြင်းစတဲ့ အခြေအနေတွေကြောင့်လည်း မျိုးစေ့တွေရဲ့ အပင်ပေါက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ထို့ကြောင့် မျိုးစေ့တွေကို ပျိုးဗန်း (သို့မဟုတ်) အိုးတွေနဲ့စိုက်ပျိုးထားပါက ၎င်းတို့ကို ပလပ်စတစ်အကြည်နဲ့ ဖုံးအုပ်ပေးနိုင်ပါတယ်။ ဒါဆိုရင် မျိုးစေ့တွေဟာ နေရောင်ခြည်နှင့် ထိတွေ့နေရဆဲဖြစ်ပေမဲ့လည်း အစိုဓာတ်ကို လျှင်လျှင်မြန်မြန်နဲ့ ဆုံးရှုံးသွားနိုင်မှာ မဟုတ်ပါဘူး။ 

ထို့အပြင် ပျိုးခင်းတွေမှာ တိုက်ရိုက်ကြဲချတဲ့ မျိုးစေ့တွေအတွက်ဆိုရင်တော့ ရေကိုထိန်းထားနိုင်တဲ့ ဂုဏ်သတ္တိရှိသော သဘာဝပစ္စည်းဖြစ်တဲ့ တီကျစ်စာ၊ မြေဆွေးစတာတွေကို မျိုးစေ့တွေရဲ့အပေါ်ကနေ အလွှာခပ်ပါးပါးနဲ့ ဖုံးအုပ်ပေးထားလို့ ရပါတယ်။ ၎င်းတို့ဟာ မျိုးစေ့တွေနဲ့ မြေဆီလွှာကို စိုစွတ်မှုရှိနေစေဖို့ အစိုဓာတ်ကိုအလုံအလောက် ထိန်းသိမ်းထားနိုင်သလို မြေဆီလွှာမှာ  အလင်းရောင်နဲ့ လေဝင်လေထွက် ကောင်းစေဖို့အတွက်လည်း အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် မျိုးစေ့ကနေ စတင်စိုက်ပျိုးတဲ့အခါ သင့်တော်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖန်တီးပေးထားခြင်းဖြင့် ကောင်းမွန်စွာ အပင်ပေါက်လာပြီး ရှင်သန်ကြီးထွားလာမှာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်