ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း အပိုင်း - ၂ (သို့မဟုတ်) “မရှို့ - မထွန်” နည်းစနစ်

02/04/2020 13:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 မရှို့ - မထွန်နည်းစနစ်

ယခုနောက်ပိုင်း နိုင်ငံတကာတွင် ခေတ်စားလာသော ရွှေ့ပြောင်းတောင်ယာစနစ်မှာ မရှို့ - မထွန်နည်းစနစ်ဖြစ်ပါသည်။ မရှို့ - မထွန်နည်းစနစ်မှာ

() တောင်ယာစိုက်ပျိုးရန် တောင်ယာကွက်ကို ခုတ်ထွင်ရှင်းလင်းပြီးသော်လည်းကောင်း (သို့) သီးနှံ ပင်အဟောင်းများ ရှင်းလင်းခုတ်ထွင်ပြီးသော်လည်းကောင်း မီးရှို့ခြင်းမပြုလုပ်ဘဲ မြေပြင်ပေါ် တွင် အနှံပြန်ဖုံးအုပ်ပေးခြင်း၊

() မြေကြီးကို ထယ်ထိုးထွန်မွှေခြင်းမပြုလုပ်ဘဲ စိုက်မည့်နေရာတွင်သာ စိုက်ကြောင်းဖော်၍ စူးထိုး စိုက်ခြင်းနှင့်

() သီးနှံတစ်မျိုးတည်းမစိုက်ဘဲ သီးညှပ်စိုက်ပျိုးခြင်း၊ သီးနှံစုံရောနှောစိုက်ခြင်းနှင့် သီးလှည့်စိုက်ပျိုး ခြင်းတို့ ဖြစ်ပါသည်။

အထက်ဖော်ပြပါ မရှို့ - မထွန်နည်းစနစ်ကို ဂျာမဏီအခြေစိုက် အစိုးရမဟုတ်သော အကူညီ ပေးရေးအဖွဲ့ဖြစ်သည့် Welthungerhilfe (WHH) က ၂၀၁၁ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်ပါ သည်။

မရှို့ - မထွန်နည်းစနစ်ဖြင့် နှစ်ရှည်ပင်များ စိုက်ပျိုးမည်ဆိုပါက ခုတ်ထွင်ရှင်းလင်းထား သော အပင်ခြောက်များကို မီးမရှို့ဘဲ မြေပြင်အနှံ့ဖုံးအုပ်ပေးထားရပါမည်။ ကြီးမားသော အကိုင်း၊ အခက်၊ ပင်စည်များကို စိုက်ခင်းအပြင်ဘက်သို့ ဆွဲထုတ်ထားရပါမည်။ စိုက်ပျိုးမည့် နှစ်ရှည်ပင် အမျိုးအစားပေါ်မူတည်၍ ငုတ်တိုများဖြင့် အမှတ်အသားပြုကာ စိုက်ကျင်းတူးပြီး စိုက်ပျိုးရပါမည်။ ကြားကွက်လပ်ရှိမြေကြီးကို ထယ်ထိုးထွန်မွှေခြင်း ပြုလုပ်ရန်မလိုအပ်ပါ။ အကယ်၍ပေါင်းပေါက်မှုကို ကြိုတင်ကာကွယ်မည်ဆိုပါက ပဲတစ်မျိုးမျိုးကို ကြဲပက်ပေးထားခြင်းအားဖြင့် မြေဖုံးသီနှံအဖြစ် သာမက မြေကြီးထဲသို့ Nitrogen နှင့် သစ်ဆွေးဓါတ်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။ ထိုကဲ့သို့သော သဘာဝပတ်ဝန်းကျင်မပျက်စိုက်ပျိုးရေး (Conservation Agriculture) စနစ်ကို နိုင်ငံ အများအပြားတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။

WHH အဖွဲ့သည် မြန်မာနိုင်ငံတွင် အထက်ဖော်ပြပါလုပ်ငန်းစဉ်များအတိုင်း ကျေးရွာများတွင် စီမံကိန်းဖြင့် သင်တန်းပေး၍ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သီးနှံစိုက်ကွင်းများကို အကောင် အထည်ဖော်ခဲ့ပါသည်။ ၎င်းစနစ်ကို တောင်သူလယ်သမားများ အလွယ်တကူ မှတ်သားခေါ်ဝေါ်နိုင်ရန် မရှို့ - မထွန်နည်းဟု ခေါ်ဝေါ်စေခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ကိုယ်ပိုင် မရှို့ - မထွန်စနစ်

WHH မှ အထက်ဖော်ပြပါနည်းအတိုင်း မြန်မာနိုင်ငံတွင် စတင်လုပ်ဆောင်နေစဉ်အတွင်း ချင်း ပြည်နယ်ရှိ ကျေးရွာတစ်ချို့တွင် တောင်သူလယ်သမားတို့၏ ဘဝ၊ အသိ၊ အတွေ့အကြုံဖြင့် ကိုယ်ပိုင် နည်းစနစ်များနှင့် လုပ်ကိုင်နေမှုလည်း ရှိပါသည်။ ၎င်းကျေးရွာတို့တွင် မရှို့ - မထွန်နည်းစနစ်၏ အဓိကလုပ်ငန်းဖြစ်သော အချက် () ချက်မပါဝင်သော်လည်း အလွန်အရေးကြီးသည့် လုပ်ဆောင်ချက် ဖြစ်သည့် ပေါင်းမြက်များမီးမရှို့ဘဲ မြေဆွေးအဖြစ် မြေကြီးထဲသို့ နှစ်စဉ်ထည့်ပေးနေခြင်း ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် မြေဆီသြဇာပျက်သုန်းမှုနှင့် ပေါင်းပြဿနာအား ကာကွယ်ထားနိုင်ကြပါ သည်။ တောင်ယာကွက်သစ် မဖော်ရတော့သဖြင့် မြေပြန့်မှလယ်ယာမြေများကဲ့သို့ နှစ်စဉ်နှစ်တိုင်း တစ်နေရာတည်းမှာပင် ဆက်လက်စိုက်ပျိုးသွားကြပါတော့သည်။ တောင်ယာခုတ်ပြီးနောက် ထွက်ပေါ် လာသော အပင်ခြောက်များ၊ ပေါင်းမြက်များကို မီးရှို့ရမည့်ဟူသည့်အသိမှာ ရှေးဘိုးဘွားစဉ်ဆက် ကတည်းက အရိုးစွဲလာခဲ့ကြသဖြင့် ၎င်းအလေ့အထကိုပြောင်းရန် စည်းရုံးရေးသည် အလွန်ခက်ခဲလှပါ သည်။ မိမိတို့တောင်ယာကွက်တွင် အမှိုက်များရှိလာပါက စိုက်ပျိုးရေးလုပ်ကိုင်ရန် ခက်ခဲသည်ဟု ထင်မြင်နေပြီး မီးရှို့မှသာ အလုပ်ပြီးသည်ဟု မှတ်ယူထားသောကြောင့် ဖြစ်ပါသည်။

ရွှေ့ပြောင်းတောင်ယာစိုက်ခြင်းနှင့် အနာဂါတ်အခြေအနေ

ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းသည် ကာလတိုအတွက် စိုက်ပျိုးခြင်းဖြစ်ပြီး ပတ်ဝန်းကျင် ကိုလည်း သိသိသာသာ ထိခိုက်ပျက်စီးစေပါသည်။ ပတ်ဝန်းကျင်ထိခိုက်သောကြောင့် ဂေဟစနစ်ကို ပျက်စီးစေပါသည်။ ယခင်ကရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းတွင် မြေတစ်နေရာတည်း၌ (၁၅ - ၂၀) နှစ်အထိ လုပ်ကိုင်ပြီးမှ တခြားနေရာပြောင်းသော်လည်း ယနေ့အချိန်တွင် မြေတစ်နေရာတည်း၌ အများဆုံး (- ) နှစ်အထိသာ လုပ်ကိုင်ကြပြီး နောက်တစ်နေရာပြောင်းကြပါသည်။ ထိုကဲ့သို့ နှစ် အနည်းငယ်အတွင်း ပြောင်းရွှေ့ခြင်းအားဖြင့် သစ်တောပြုန်းတီးမှုများလာခြင်း၊ မြေဆီသြဇာ လျော့ကျလာခြင်းနှင့် ပေါင်း၊ ပိုးမွှား၊ ရောဂါကျရောက်မှုလည်း ပိုတိုးလာပါသည်။ ထို့အပြင် ဇီဝမျိုးကွဲများအပေါ် သက်ရောက်မှုများလည်း ရှိလာပါသည်။

ထို့ကြောင့် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ရင်း သစ်တောများဖန်တီးပေးခြင်းသည် အနာဂါတ်အတွက် အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ်လာပါသည်။ သစ်တောများဖန်တီးပေးခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲများ ကိုလည်း ထိန်းသိမ်းပေးရာရောက်ပါသည်။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးသော တောင်သူလယ်သမား များအနေဖြင့် စိုက်ပျိုးရေးဗဟုသုတများသာမက ၎င်းတို့ဒေသပတ်ဝန်းကျင်နှင့် ရာသီဥတုအခြေအနေများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်သင့်ပါသည်။ သို့မှသာ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးလုပ်ရင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါ သည်။

ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းကြောင့် အကျိုးကျေးဇူးများရှိသကဲ့သို့ ပြန်လည်အစားထိုး မရနိုင်သည့် မြေသယံဇာတများစွာလည်း ဆုံးရှုံးနေပါသည်။ ထိုကဲ့သို့ ဆုံးရှုံးရာတွင် အပေါ်ယံ မြေဆီလွှာနှင့်အတူ အဖိုးတန်အပင်အာဟာရဓါတ်များပါ ဆုံးရှုံးသွားသောကြောင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးမလုပ်ကိုင်နိုင်ဘဲ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးပြုလုပ်ကာ မြေဆီလွှာနှင့်သစ်တော များ အလွန်အန္တရာယ်များသည့် အခြေအနေနှင့် ကြုံတွေ့နေရပါသည်။ ထို့ကြောင့် တစ်နေရာသို့ ရွှေ့ပြောင်းလျှင် ကျန်ခဲ့သောမြေနေရာတွင် သစ်ပင်များ ပြန်လည်စိုက်ပျိုးပေးပြီး သစ်တောတစ်ခု ဖန်တီးပေးသင့်ပါသည်။ ထို့အပြင် မြေဆီလွှာနှင့် သစ်တောများအပေါ် ထိခိုက်မှုနည်းသော မရှို့ - မထွန်နည်းစနစ်များကို တောင်ယာစိုက်သူ တောင်သူလယ်သမားတို့ လက်ခံကျင့်သုံးလာအောင် တာဝန်ရှိသူများနှင့် ပညာရှင်များပူးပေါင်းကာ ကျယ်ကျယ်ပြန့်ပြန့်ပညာပေး ဆောင်ရွက်သင့်ကြောင်း အကြုံပြုတင်ပြလိုက်ရပါသည်။

ဇင်ထူးနိုင်

ကျမ်းကိုးစာရင်း

http:// www.greenwaymyanmar.org.

http://www. welthungerhilffe.de/ projects.html.

Principle of Agronomy Handbook, Department of Agronomy, Yezin Agricultural University.

Scott, J. C. 2009. The Art of Not Being Governed. Yale University Press, New Haven.

Spencer, J. E. 1966. Shifting cultivation in southeastern Asia, University of California Press, ISBN 978 – 0520035171.

Wojtkowski, P. A. 2002.Agro-ecological Perspectives in Agronomy, Forestry and Agro forestry.Science Publishers Inc., Enfield, NH, 256p.

www. welthungerhilfe.de>Myanmar – news.

သိန်းစု (စိုက်ပျိုးရေးတက္ကသိုလ်) - ရေရှည်တည်တံ့သော စိုက်ပျိုးရေး။

မြေယာ အသုံးချဌာနခွဲ၊ တောင်စောင်းစိုက်ပျိုးနည်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)