မြေဆီလွှာမှာ အော်ဂဲနစ်ဓာတ်တွေ တိုးလာစေဖို့ ..

01/04/2024 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အော်ဂဲနစ်ဒြပ်စင်တွေကို မြေဆီလွှာရဲ့ အသက်သွေးကြောလို့ တင်စားခေါ်ဝေါ် နိုင်ပါတယ်။ ယနေ့ခေတ်မှာ ဓာတုပစ္စည်းတွေကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပေမဲ့လည်း အော်ဂဲနစ်ဒြပ်စင်တွေသာ မရှိရင် စိုက်ပျိုးရေးလုပ်ငန်းတွေဟာ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ပါဘူး။

အော်ဂဲနစ်ဒြပ်စင်ဆိုတာဟာ နားလည်လွယ်အောင် ပြောရရင် သက်ရှိ သို့မဟုတ် သေဆုံးသွားတဲ့ တိရစ္ဆာန်တွေ၊ အပင်တွေနဲ့ သက်ဆိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ အော်ဂဲနစ်ဒြပ်စင်ဆိုရာမှာ ရှင်သန်နေတဲ့ အပင်ရဲ့အမြစ်တွေနဲ့ သက်ရှိတွေ၊ အပင်နဲ့ တိရစ္ဆာန်တွေရဲ့ ဆွေးမြည့်ခြင်း အမျိုးမျိုး၊ အဏုဇီဝသက်ရှိတွေနဲ့ ၎င်းတို့ရဲ့ စွန့်ထုတ်လိုက်တဲ့ ပစ္စည်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အော်ဂဲနစ်ဒြပ်စင်တွေ အဓိကပါဝင်နေတဲ့ အရင်းအမြစ်တွေက အပင်ရဲ့ အကြွင်းအကျန် ပစ္စည်းတွေဖြစ်ကြတဲ့ အမြစ်တွေ၊ ရိုးပြတ်တွေ၊ အရွက်တွေ၊ မြေဖုံးတဲ့ သဘာဝပစ္စည်းတွေနဲ့ တိရစ္ဆာန် အညစ်အကြေးတွေပဲ ဖြစ်ပါတယ်။ မြေဆီလွှာထဲမှာ ရှိနေတဲ့ တီကောင်လေးတွေနဲ့ အဏုဇီဝသက်ရှိလေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ အထက်ဖော်ပြပါ ပစ္စည်းတွေကို ပြိုကွဲဆွေးမြည့်စေတာ ဖြစ်ပါတယ်။ ဆွေးမြည့်ခြင်း ဖြစ်ပေါ်ပြီးတဲ့နောက်မှာ အပင်ရဲ့အမြစ်တွေကနေ စုပ်ယူနိုင်တဲ့ အာဟာရဓာတ်တွေကို ထုတ်လွှတ်ပေးမှာ ဖြစ်ပါတယ်။ ဆွေးမြည့်ခြင်း ဖြစ်စဥ်ကနေ နောက်ဆုံးရရှိမယ့် ပစ္စည်းကတော့ နောက်ထပ် ပြိုကွဲမှုတွေကို ခံနိုင်ရည်ရှိတဲ့ မြေဆွေးကို ရရှိမှာ ဖြစ်ပါတယ်။ မြေဆွေးဟာ အပင်အတွက် အာဟာရဓာတ်တွေကို သိုလှောင်ပေးနိုင်ပြီး အစိုဓာတ်ကိုလည်း ထိန်းထားနိုင်ကာ မြေဆီလွှာဖွဲ့စည်း တည်ဆောက်ပုံကိုလည်း  ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။  

မြေဆီလွှာနဲ့ ဆွေးမြည့်ပြိုကွဲခြင်း အခြေအနေ

အော်ဂဲနစ်အကြောင်း ပြောတဲ့အခါမှာ ဆွေးမြည့်ပြိုကွဲခြင်းဖြစ်စဥ် အကြောင်းကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။ အော်ဂဲနစ်ပစ္စည်းတွေရဲ့ ဆွေးမြည့်မှုနှုန်းဟာ မြေဆီလွှာရဲ့ အပူချိန်၊ အစိုဓာတ်၊ လေဝင်လေထွက်၊ ချဥ်ငန်ကိန်း နဲ့ အာဟာရဓာတ်ပါဝင်မှုတွေပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်။ ပူနွေးစိုစွတ်တဲ့ ရာသီဥတု အခြေအနေဟာ အော်ဂဲနစ်ဒြပ်ပစ္စည်းတွေရဲ့ ပြိုကွဲဆွေးမြည့်မှုနှုန်းကို ပိုမိုမြန်ဆန်စေပါတယ်။ အေးမြပြီး အပူချိန်နိမ့်တဲ့ နေရာတွေမှာတော့ အော်ဂဲနစ်ဒြပ်စင်ပါဝင်မှုက ပိုမိုမြင့်မားလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အပူချိန် နိမ့်တဲ့နေရာတွေမှာ အော်ဂဲနစ်ဒြပ်စင်တွေဟာ  လျင်မြန်စွာ မပြိုကွဲနိုင်တာကြောင့် ဖြစ်ပါတယ်။  ရေဝပ်တဲ့ နေရာတွေမှာလည်း အော်ဂဲနစ်ဒြပ်စင်တွေရဲ့ ပြိုကွဲမှုက နှေးကွေးပါတယ်။ ဘာကြောင့်လဲဆိုတော့ အောက်ဆီဂျင် မရှိတဲ့နေရာမှာ အော်ဂဲနစ်ဒြပ်စင်တွေ ပြိုကွဲဖို့လိုအပ်တဲ့ အဏုဇီဝသက်ရှိတွေ မရှင်သန်နိုင်တာကြောင့် ဖြစ်ပါတယ်။ ထို့ကြောင့် ရေနစ်မြုပ်နေတဲ့ အော်ဂဲနစ်ဒြပ်စင်တွေကနေ ဖြစ်ပေါ်လာတဲ့ မြေကို သစ်ဆွေးမြေ (peats) လို့ခေါ်ဆိုကြပြီး ၎င်းတို့မှာလည်း အော်ဂဲနစ်ဒြပ်တွေ ရာခိုင်နှုန်း မြင့်မားစွာ ပါဝင်နေတာ ဖြစ်ပါတယ်။ pH နိမ့်ပြီး အက်ဆစ်ဓာတ်ဆန်တဲ့ မြေတွေမှာလည်း များသောအားဖြင့် အော်ဂဲနစ်ဒြပ်စင်တွေ အများအပြား ပါဝင်လေ့ရှိပါတယ်။  ဘာကြောင့်လဲဆိုတော့ မြေဆီလွှာမှာ အက်စစ်ဓာတ် တိုးလာတာနဲ့အမျှ အဏုဇီဝသက်ရှိတွေရဲ့ လှုပ်ရှားတက်ကြွမှု နည်းလာတာကြောင့် ဖြစ်ပါတယ်။ 

မြေဆီလွှာမှာ အော်ဂဲနစ်ဓာတ်တွေ တိုးလာစေဖို့ လုပ်ဆောင်သင့်တဲ့ အရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။  

  • နှစ်ရှည် စားကျက်မြက် စိုက်ပျိုးပါ 

နှစ်ရှည် စားကျက်မြက် စိုက်ပျိုးခြင်းဟာ စိုက်ခင်းမြေတွေမှာ အော်ဂဲနစ်ဒြပ်စင်တွေ တိုးပွားလာစေဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ထို့အပြင် နှစ်ရှည် စားကျက်မျိုးစိတ်တွေဟာ တစ်ရာသီခံ စားကျက်မျိုးစိတ်တွေထက် ပိုမိုအကျိုးရှိစေပြီး ရေစီးရေလာကောင်းမွန်ခြင်း၊ ရေဝပ်မှုကို ကာကွယ်ပေးနိုင်ခြင်း၊ ခြောက်သွေ့သော မြေဆီလွှာတွင် ဆားပေါက်မှုကို ကာကွယ်ပေးခြင်း၊ အက်စစ်ဓာတ်ဆန်ခြင်း နဲ့ မြေဆီလွှာတိုက်စားမှုကြောင့် အာဟာရဓာတ် ဆုံးရှုံးခြင်းတို့ကိုလည်း လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ သက်တမ်းတိုတဲ့ စားကျက်မြက်တွေမှာ အော်ဂဲနစ်ဓာတ်ပါဝင်နေတဲ့ အဓိကအရင်းအမြစ်က ပျက်စီးသေဆုံးတဲ့ အမြစ်တွေ ဖြစ်ပါတယ်။ နှစ်ရှည် စားကျက်မြက်တွေရဲ့ အရင်းအမြစ်ကတော့ အရွက်တွေပဲ ဖြစ်ပါတယ်။ သက်တမ်းတိုတဲ့ စားကျက်မြက်တွေ (၁ - ၂ နှစ်) ဟာ မြေဆီလွှာမှာ အော်ဂဲနစ်ဒြပ်စင် တိုးလာမှုကို နည်းပါးစေပေမဲ့ မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုတော့ တိုးတက်စေနိုင်ပါတယ်။ 

  • ကောက်ပဲ သီးနှံများ စိုက်ပျိုးပါ 

ဂျုံ၊ စပါး၊ ပြောင်း၊ မုယော၊ အုတ်ဂျုံ၊ နှံစားပြောင်း၊ လူး၊ ဆပ် စတဲ့ ကောက်ပဲ သီးနှံတွေကို ရိတ်သိမ်းပြီးတဲ့နောက်မှာ ၎င်းတို့ရဲ့ သေဆုံးသွားတဲ့ အမြစ်တွေ၊ အရွက်တွေနဲ့ ကျန်ရှိခဲ့တဲ့ ရိုးပြတ်တွေဟာ များပြားလှတဲ့ အော်ဂဲနစ်ဒြပ်စင်တွေကို မြေဆီလွှာထဲမှာ ချန်ထားခဲ့မှာဖြစ်ပါတယ်။ 

  • သစ်စိမ်းမြေဩဇာ (Green Manure)  စိုက်ပျိုးပါ 

သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာထဲကို အော်ဂဲနစ်ဒြပ်စင်တွေအပြင် အခြားသော အာဟာရဓာတ်တွေကိုပါ ထည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ သီးနှံတွေ မစိုက်ပျိုးဘဲ မြေလှပ်ထားတဲ့ အချိန်ကာလမျိုးမှာ မြေဆီလွှာ တိုက်စားမှုနဲ့ အာဟာရ ဆုံးရှုံးမှုတွေကို  ကာကွယ်နိုင်ဖို့အတွက် သစ်စိမ်းမြေဩဇာကို စိုက်ပျိုးသင့်ပါတယ်။ နှစ်ရှည် ဥယျာဥ်ခြံမြေတွေမှာဆိုရင်လည်း ကြားလပ်နေတဲ့ မြေနေရာတွေမှာ စိုက်ပျိုးနိုင်ပါတယ်။ သစ်စိမ်းမြေဩဇာ အနေနဲ့ စိုက်ပျိုးနိုင်တဲ့ အပင်တွေကတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ပဲလွန်း၊ ပိုက်ဆံလျှော်၊ ညံပင်၊ ဘောစကိုင်း စတဲ့ အပင်တွေ ဖြစ်ပါတယ်။ ဖော်ပြပါ အပင်တွေ စိုက်ပျိုးပြီးတဲ့အခါ ပန်းပွင့်ချိန်ရောက်ရှိပါက ထယ်ထိုး ထွန်မွှေပြီး မြေဆီလွှာထဲကို ပြန်လည်ထည့်သွင်းကာ မြေဖုံးအုပ်ပေးခြင်းဖြင့် အာဟာရဓာတ်များ ရရှိစေကာ မြေဆီလွှာ ဖွဲ့စည်းတည်ဆောက်မှုကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ 

  • မြေဆွေး ပြုလုပ်သုံးစွဲပါ 

မြေဆွေးပြုလုပ်နည်းတွေကတော့ ပညာရှင်တွေ မကြာခဏ မျှဝေပေးနေကြ ဖြစ်ပါတယ်။ မြေဆွေး ပြုလုပ်သုံးစွဲခြင်းဖြင့် အော်ဂဲနစ်ဓာတ်ရရှိစေကာ မြေဆီလွှာအရည်အသွေးကို တိုးတက်ကောင်းမွန်စေပြီး၊ အပင်များအတွက်လည်း အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ မိမိရဲ့နေအိမ် ခြံဝန်းအတွင်းမှာ အလွယ်တကူ ရရှိနိုင်တဲ့ သစ်ရွက်ခြောက်တွေ၊ သစ်ကိုင်းခြောက်တွေ၊ ခြံထဲမှာ ရှိတဲ့မြက်ပင်တွေ၊ သစ်သားအပိုင်းအစတွေ၊ လွှာစာမှုန့်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် စွန့်ပစ်ပစ္စည်းတွေ၊ ကောက်ရိုး၊ သောက်ပြီးလို့ အနည်ထိုင်ကျန်ရှိတဲ့ ကော်ဖီမှုန့်တွေ၊ သတင်းစာ စာရွက်တွေနဲ့ ကြက်ဥ၊ ဘဲဥ ခွံ၊ အာလူးခွံ၊ နွားချေး၊ ကြက်ချေး စတာတွေကို မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းလို့ ရပါတယ်။ နောက်ပြီး သစ်ပင်၊ ဝါးရုံပင်တွေ အောက်မှာ ရှိနေတဲ့ မြေဆွေးတွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။  မြေဆွေးဟာ မြေဆီလွှာဖွဲ့စည်းပုံကို ကောင်းမွန်စေပြီး အာဟာရဓာတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်ရုံသာမက မြေဆီလွှာရဲ့ အစိုဓာတ်ကို ထိန်းသိမ်းနိုင်ဖို့ရာလည်း ကူညီပေးနိုင်ပါတယ်။ 

  • သီးလှည့် စိုက်ပျိုးပါ 

အမျိုးအစားတူတဲ့ သီးနှံတစ်မျိုးတည်းကိုပဲ စိုက်ပျိုးမြေတစ်ကွက်တည်းမှာ တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက် စိုက်ပျိုးလာမယ်ဆိုရင် မြေဆီလွှာရဲ့ အာဟာရဓာတ်တွေနဲ့ အော်ဂဲနစ်ဒြပ်စင်တွေရဲ့ ပါဝင်မှုဟာ တဖြည်းဖြည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မြေဆီလွှာမှာ အာဟာရဓာတ်ကုန်ခမ်းပြီး သီးနှံကြီးထွားမှုနဲ့ အထွက်နှုန်းများကိုပါ ထိခိုက်လာမှာ ဖြစ်ပါတယ်။ သီးနှံတွေကို အလှည့်ကျ စိုက်ပျိုးပေးခြင်းဖြင့် မြေဆီလွှာမှာရှိတဲ့ အာဟာရဓာတ်တွေကို မျှတအောင် ထိန်းညှိပေးနိုင်ပြီး လေဝင်လေထွက်ကိုလည်း ပိုမိုကောင်းစေပါတယ်။ ထို့အပြင် မြေသိပ်သည်းကျစ်လျစ်မှုနဲ့ မြေကျပ်တာမျိုးတွေလည်း ကာကွယ်ပေးနိုင်ပြီး ရေစိမ့်ဝင်မှုကောင်းစေခြင်း၊ ရေထိန်းစွမ်းအားကောင်းစေခြင်း စသည်ဖြင့် မြေဆီလွှာရဲ့ ဖွဲ့စည်းတည်ဆောက်မှုတွေကို ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ သီးလှည့် စိုက်ပျိုးခြင်းဟာ မြေဆီလွှာအတွက် ကောင်းကျိုးတွေ ရှိရုံသာမက ပိုးမွှားရောဂါ ကျရောက်မှုကိုလည်း သက်သာစေပြီး ပတ်ဝန်းကျင်ကိုလည်း အထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်